၁၇ ကြိမ်မြောက် မုတ်သုံရာသီ ကင်မရာနှင့် ကင်မရာအပိုပစ္စည်းများ ဈေးရောင်းပွဲတော်

၁၇ ကြိမ်မြောက် မုတ်သုံရာသီ ကင်မရာနှင့် ကင်မရာအပိုပစ္စည်းများ ဈေးရောင်းပွဲတော်

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၏ ၁၇ ကြိမ်မြောက် မုတ်သုံရာသီ ကင်မရာနှင့် ကင်မရာအပိုပစ္စည်းများ ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁ ရက် နံနက် ၉နာရီခွဲတွင် မြန်မာနိုင်ငံဓာတ်ပုံအသင်း တည်ရှိရာ အမှတ် ၂၇/၂၉၊ ၃၅ လမ်း (အောက်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ အသင်းခန်းမ တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနား သို့ အသင်းနာယကကြီးများဖြစ်ကြသည့် ဦးသီဟသိန်းဥာဏ်၊ ဦးမောင်မောင်သောင်း၊ အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီဦးစိုးမိုး ၊ အသင်းဥက္ကဌ ဦးသန်းထွန်းဦး (တက်နေဝင်း)၊ ဒုက္ကဌ ဦးခင်မောင်မြင့် (ခ) ဦးဆန်နီ နှင့် အသင်းအတွင်းရေးမှုး၊ အမှုဆောင်အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်များ၊ စာနယ်ဇင်းများမှ တာဝန်ရှိသူများ၊ အသင်းသူ အသင်းသားများ၊ စိတ်ဝင်စားသူများ စုံညီစွာ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားမှုး အသင်းတွဲဖက်အတွင်းရေးမှုး ဦးစန်းဌေး (မြန်မာ) မှ အခမ်းအနား အစီအစဉ်များကို ဖတ်ကြားပြီး အသင်းနာယကများ၊ အသင်းဥက္ကဌ ဦးသန်းထွန်းဦး (တက်နေဝင်း) နှင့် အမှုဆောင်များမှ ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးကြသည်။ ထိုနောက် အသင်းဥက္ကဌ ဦးသန်းထွန်းဦး (တက်နေဝင်း) မှ အဖွင့်ကြိုဆိုကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံ ဓာတ်ပုံအသင်း နာယက အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီဦးစိုးမိုး မှ အမှာစကား ပြောကြားသည်။
ထိုနောက် ဈေးရောင်းပွဲတော်သို့ တက်ရောက်လာကြသူများ ကို အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံကာ ပွဲတော်အတွင်း ခင်းကျင်းပြသ ရောင်းချနေသော ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုကြကာ ပျော်ရွှင်စွာ ဝယ်ယူအားပေးကြသည်။
ဈေးပွဲတော်တွင် FUJI ၊ SONY ၊ ROYAL Camera Shop ၊PISEN ၊ Nikon ၊ Panasonic ၊ Canon နှင့် MPS အရောင်းကောင်တာများ စုံညီစွာ ခင်းကျင်းပြသ ရောင်းချကြသည်။
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၏ ၁၇ ကြိမ်မြောက် မုတ်သုံရာသီ ကင်မရာနှင့် ကင်မရာအပိုပစ္စည်းများ ဈေးရောင်းပွဲတော် ကို ဇူလိုင်လ ၁ရက် (စနေ) နှင့် ၂ရက် (တနင်္ဂနွေ) နေ့များတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသ ရောင်းချသွားမည်ဖြစ်သည်။

Comments are closed, but trackbacks and pingbacks are open.